ကုမ္ပဏီမှတစ်ဆင့် အင်တာနက်လိုင်း ဝယ်ယူပြီး တစ်ဆင့်ပြန်လည် ပွားယူငှားရမ်းခြင်း လုပ်ငန်းကို အင်တာနက်ဆိုင် အများစု လုပ်ကိုင်မှု ရှိလာကြောင်း သိရသည်။ အဆိုပါ ငှားရမ်းခြင်း လုပ်ငန်းကို နေအိမ်တွင် စက်တစ်လုံး သုံးစွဲခအဖြစ် လစဉ် သတ်မှတ်ထားသည့် ပုံစံများ ရှိသလို နာရီဖြင့် နှုန်းထားကောက်ခံသည့် ဆိုင်များလည်း ရှိသည်ဟု သိရသည်။ "မြန်နှုန်း 256 Kbps ရှိရုံနဲ့ ငှားရမ်း လုပ်ကိုင်နိုင်ပါတယ်။ မြန်နှုန်းပေါ် မူတည်ပြီး အလုံးရေ ခွဲထွက်နိုင်ပါတယ်။ မြန်နှုန်းကတော့ အတူတူပဲ သုံးစွဲရမှာပါ။ ငွေကြေးနှုန်းထား ယူတာကတော့ ကွဲပြားမှု ရှိပါတယ်။ လစဉ်ကြေးအနေနဲ့ဆို စက်တစ်လုံးကို သုံးစွဲခ ကျပ်နှစ်သောင်းကနေ သုံးသောင်းအထိ ယူတာမျိုးရှိသလို နာရီနဲ့ ငှားရမ်းနှုန်း ဝန်ဆောင်မှု ပေးပါတယ်” ဟု အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသော ပုဇွန်တောင်မြို့နယ်ရှိ အင်တာနက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်တာနက်ဆိုင်များမှ လိုင်းခွဲရယူ အသုံးပြုကြသူများ အနေဖြင့်လည်း ကနဦး တပ်ဆင်ကြေးငွေ ပေးသွင်းရန် မလိုအပ်ဘဲ ထိုက်သင့်သော နှုန်းထားဖြင့် နေအိမ်တွင် သုံးစွဲနိုင်ခြင်းကြောင့် ယင်းလိုင်းခွဲ ငှားရမ်းလုပ်ငန်းမှာ တွင်ကျယ်မှု ရှိလာခဲ့သည်။ "သုံးစွဲသူ အနေနဲ့ကတော့ ကုမ္ပဏီတွေမှာ ဝယ်ရင် လစဉ်ကြေးက အင်တာနက်လိုင်း ကောင်းကောင်း၊ မကောင်းကောင်း တစ်လပြည့်ရင် သတ်မှတ်နှုန်းအတိုင်း ဆောင်ရမှာပဲ။ အင်တာနက်ဆိုင်ကနေ လိုင်းခွဲယူရင်တော့ စက်တစ်လုံးကို တစ်လ ကျပ်နှစ်သောင်းပဲပေးပြီး ဆိုင်မှာ တပ်ဆင်ထားတဲ့ မြန်နှုန်းအတိုင်း သုံးစွဲနိုင်တဲ့အတွက် ငွေကြေးသက်သက်သာသာရှိလို့ အဆင်ပြေပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ လိုင်းခွဲ ငှားရမ်းသုံးစွဲနေသူ မချမ်းမြေ့က ဆိုသည်။ အဆိုပါ အင်တာနက်လိုင်း ငှားရမ်းခြင်းလုပ်ငန်းသည် ရတနာပုံတယ်လီပို့မှ ဝန်ဆောင်မှုပေးနေသော ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းသို့ လျှော့ချပေးခဲ့ပြီးနောက် ယင်းလုပ်ငန်း ပိုမို တွင်ကျယ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တစ်ဆင့်ပြန်လည် ပွားယူငှားရမ်းခြင်းကို ကုမ္ပဏီများအနေဖြင့် အရေးယူခြင်း မပြုလုပ်နိုင်ဟု သိရသည်။ "အင်တာနက်လိုင်း ငှားရမ်းတာကို ကုမ္ပဏီအနေနဲ့ ဘာမှအရေးယူလို့ မရပါဘူး။ ဒါပေမဲ့ WiFi ထုတ်လွှင့် သတ်မှတ်ပေးထားခြင်း မရှိတဲ့နေရာကို WiFi ထုတ်လွှင့်ရင်တော့ အရေးယူလို့ ရပါတယ်။ ဒီစနစ်တွေ ပပျောက်ဖို့ကတော့ တယ်လီဖုန်းဥပဒေ ပေါ်ပေါက်လာမှ အဆင်ပြေမှာပါ” ဟု Red Link မှ ဦးမျိုးမြင့်ညွန့်က ပြောသည်။ ပြည်တွင်း၌ တပ်ဆင် အသုံးပြုနေသည့် အင်တာနက်လိုင်းများမှာ Wimax, ADSL, Mcwill, FTTH စနစ်နှင့် ဂြိုဟ်တုဆက်သွယ်ရေးလိုင်းဖြစ်သော Sky Net (MPS) စနစ်တို့ ဖြစ်သည်။ အင်တာနက် သုံးစွဲရာတွင် 128 Kbps တွင် ကွန်ပျူတာ တစ်လုံး၊ 256 Kbps တွင် ကွန်ပျူတာ လေးလုံး၊ 512 Kbps လျှင် ကွန်ပျူတာ ၁၂ လုံးထိ မျှဝေသုံးစွဲနိုင်ကြောင်း အင်တာနက်ဆိုင်များမှ စုံစမ်းသိရသည်။